ခြေတွေလက်တွေ ထုံကျဥ်နေရတဲ့ အရင်းခံ အကြောင်းတရားများ
တစ်ခုခုနဲ့ ထိတွေ့မိတဲ့အခါ ကျဉ်ကနဲဖြစ်သွားတာမျိုး ၊ ခြေချောင်း လက်ချောင်းလေးတွေ ထုံပြီး စူးခနဲဖြစ်သွားတာမျိုး လူတိုင်းကြုံဖူးကြမှာပါ။
ဒီလို ခြေလက်ထုံကျဉ်တာက အခန့်မသင့်တဲ့အခါမှာ ဖြစ်တတ်သလို တစ်ချို့သော ရောဂါတွေရဲ့ လက္ခဏာ၊ နောက်ဆက်တွဲပြဿနာလဲ ဖြစ်နေနိုင်တာကြောင့် ခြေလက်ထုံကျဉ်တာနဲ့ ပတ်သက်ပြီး မျှဝေပေးချင်ပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာခြေလက်ထုံကျဉ်တာကို ခံစားရသလဲ?
တစ်ခါတစ်ရံ လက်ပေါ် အချိန်အကြာကြီး ဖိအိပ်မိတဲ့အချိန်၊ခြေထောက်တဖက်ပေါ်တဖက် ဖိထားမိတဲ့အချိန်၊ အချိန်အကြာကြီး တသတ်မတ်တည်း ထိုင်နေတတ်တဲ့ အချိန်တွေမှာဆိုရင် ခြေလက်ထုံကျဥ်တတ်ပါတယ်။
အထူးသဖြင့် အမျိုးသမီးတွေ၊ အဝလွန်သူနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါ ၊ လေးဘက်နာ စတဲ့ ရောဂါအခံ ရှိတဲ့သူတွေမှာလည်း ခြေလက်ထုံကျဥ်ခြင်းကို မကြာခဏဆိုသလို ခံစားရတတ်ပါတယ်။
ခြေလက်ထုံကျဉ်တာ ဘာကြောင့်ဖြစ်ရတာလဲ?
အာရုံကြောဆီကို သွားတဲ့ သွေးကြောလေးတွေက ဖိအားတစ်ခုခုကြောင့် သွေးလည်ပတ်မှု နည်းသွားတဲ့အခါမှာ ခြေလက်လေးတွေ ထုံကျဉ်တတ်ပါတယ်။ ဒါ့အပြင်
- တချို့သော ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လဲ ဖြစ်နိုင်သလို
- အရက်၊ဆေးလိပ် အလွန်အကျွံ သုံးစွဲတာ၊
- ဗီတာမင် B12 ချို့တဲ့တာ၊
- အအေးခံလွန်းတာတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် ဆီးချိုနဲ့ နှလုံးသွေးကြောကျဉ်းရောဂါအခံရှိတဲ့သူတွေမှာ နောက်ဆက်တွဲအနေနဲ့ အာရုံကြောအားနည်းတာ အဖြစ်များတတ်ပါတယ်။
"လေငန်းအစ၊ ထုံကျင်က"ဆိုတဲ့ အပြောများတဲ့ ကျန်းမာရေးရာ ဆိုရိုးစကားလေးအတိုင်းပါပဲ။ ခြေလက်ထုံကျဉ်တာက လေငန်းရောဂါ၊ လေဖြတ်တာစတဲ့ ကျန်းမာရေးပြဿနာတွေရဲ့ ကနဦးအစ လက္ခဏာတစ်ခုလဲ ဖြစ်နိုင်တယ်ဆိုတာ မေ့ထားလို့မရပါဘူး။
ခြေလက်ထုံကျဥ်တာကို ဘယ်လို သက်သာအောင် လုပ်မလဲ?
ခြေလက်ထုံကျဉ်တာကို အမြန်သက်သာစေဖို့ဆိုရင်
- သွေးလည်ပတ်မှု ကောင်းအောင် လှုပ်လှုပ်ရှားရှား ပြန်လုပ်ပေးတာမျိုး၊
- ခြေချောင်း၊လက်ချောင်းလေးတွေကို လေ့ကျင့်ခန်း လုပ်ပေးတာမျိုး၊
- ခေါင်းလေ့ကျင့်ခန်း လုပ်ပေးတာ၊
- လက်သီးကို ကျစ်ကျစ်စုပ်ပြီး ပြန်ဖြေလျော့ပေးတာ စတဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။
တကယ်လို့ ခြေလက်ထုံကျဉ်တာက
- ပိုပိုပြီး ပြင်းထန်လာမယ်၊
- ရက်အတော်ကြာတဲ့အထိ မသက်သာဘူး၊
- မကြာခဏဖြစ်နေမယ်၊
- နေ့စဉ်အလုပ်တွေကို ထိခိုက်တဲ့အထိ ခံစားနေရမယ်ဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။
ဆေးရုံဆေးခန်းကို သေချာပြပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ ခံယူဖို့ အရေးကြီးပါတယ်ဆိုတဲ့အကြောင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)